Showing posts with label ရစ်မမ(နေပြည်တော်)၏ကဗျာများ. Show all posts
Showing posts with label ရစ်မမ(နေပြည်တော်)၏ကဗျာများ. Show all posts

Monday, February 25, 2013

“ငွေ”ဟုခေါ်တွင်နေသော



ငွေမက်တာ မဟုတ်ပေမယ့်
လိုအပ်နေတာ အမှန်ပါ
ငွေလမ်းခင်း လျှောက်ရတဲ့ ဒီလောကမှာ -
အဖေ့ကျန်းမာရေး အမေ့ဆေးဖိုးနဲ့
စားဝတ်နေရေး လူမှုရေးအတွက်
ငွေက ဒုတိယ ဘုရားသခင်ပါ...။

ဂုဏ်မက်တာ မဟုတ်ပါဘူး
လောကအလယ် ဝင်ဆံ့စေဖို့
ပညာသင်ရွယ် လူမမယ်
မောင်အငယ့်ရှေ့ရေး တွေးဆမှန်းမျှော်
ကူညီပံ့ပိုး အားထားရန်လည်း
ငွေက ဒုတိယ ဘုရားသခင်ပါ...။

ကြမ်းတမ်းတဲ့ဘဝလို့ မဆိုသာပေမယ့်
ခက်ခဲစွာရုန်းကန်ရတဲ့ အခြေနေမှာ
ကိုယ်ကျိုးမငဲ့ မိသားစု အရေးရှေ့ထား
ဒုက္ခတွေကို ရင်ဆိုင်
“နောက်လှည့်ကြည့် ဖနောင့်ပဲရှိ” ဆိုကာ
စိတ်ဓါတ်ခိုင်မာ ကြိုးစားငွေရှာ
ငါ့ပညာရေးချောမွေ့စေဖို့
ထောက်ပံ့ခဲ့တဲ့ စေတနာ 
မေတ္တာထုထည် ကြီးမားကြတဲ့
မမကြီးနဲ့ မမလေးကို 
ပြန်လည်ပြုစု ကြွေးမြီဆပ်လည်း
ဒုတိယဘုရားသခင်က ငွေပါပဲ...။

အရာခပ်သိမ်း ပြေလည်စေဖို့
နှလုံးသားကို ဘေးဖယ်
အကြင်နာတွေ နောက်ဆုတ်
အလွမ်းဇာတ်တွေ တခန်းရပ်ကာ
အသည်းဗလာနဲ့ စက်ရုပ်ပမာ
လောကတခွင်မှာ ငါဖွေရှာ
သြော်... ငွေ... ငွေ ....
“ငွေ” ဟုခေါ်တွင်နေသော...........။

                           

ရစ်မမ (နေပြည်တော်)


.


Sunday, January 20, 2013

ငါ့ ဘဝ လမ်း


ငါ့ဘဝက ကဗျာမဆန်သလို
တေးသွားလိုလဲ မချိုမြိန်ဘူး
အကွေ့အကောက်များတဲ့ ပင်လယ်ပြင်မှာ
မာယာတွေ တလှေကြီးနဲ့ ရွက်လွှင့်ခဲ့တယ်
ကြည်လင်နေတဲ့ ကောင်းကင်က
သာယာမှုတွေ အတိပေးပြီး
ကကြိုးရုပ်လို ကခုန်နေဆဲ
ကြမ္မာ မုန်တိုင်း မာန်အပြည့်နဲ့
တိုက်ခတ်စေတော့ ဘယ်ညာတိမ်း
ရေပြင်စုန်လိုက် ကမ်းကမ်လိုက်
ရေကြောင်းပျောက် လှိုင်းပုတ်ခတ်ရာမျော.....။

ငါ့ဘဝက ဘာလဲ ... အခါခါမေးတွေဝေမိတိုင်း
အတောင်ကျိုးတဲ့ ငှက်တစ်ကောင်လို ခွန်အားတွေမဲ့
ဟိုအပင် ဒီအပင် ဘယ်အပင်က လုံခြုံမလဲ
မရေရာပါဘူး ........... နားခိုရန်ခက်
ကြောက်စိတ်ကိုပယ် အားတင်းကာရယ်
ကောင်ကင်ယံမှာ တကိုယ်တော်
အတောင်တွေဖြန့်လို့ ပျံသန်းမည်........။

ငါ့ဘဝကို အဆုံးထိလျှောက်ဖို့
ခရောင်းလည်းဖြတ် ဖယောင်းလည်းနင်း
ဆူးတွေဝိုင်းလည်းဖောက်
ပန်းတွေကျဲလည်းကောက်
လွမ်းရင်ငို ပျော်ရင်ပြုံး
ကမ္ဘာလောက အလိုတော်ကျဖို့
မာန်အပြည့်နဲ့ လျှောက်လှမ်းရင်း လမ်းတဝက်တောင်ကျိုးခဲ့ပြီ....။


ရစ်မမ ( နေပြည်တော် )




Saturday, March 31, 2012

ငါတို့ဌာနီ သမိုင်းဝင်စေတီ


လွမ်းရပါသည် မွေးဌာနီ ပွဲတော်တို့ရဲ့ တန်ခူးရာသီ
ခြိမ့်သဲစည်ကား သိုက်မြိုက်လှ သမိုင်းဝင်တဲ့ ဆင်ဖြူတောင်
ဖူးမြော်သူအပေါင်းကို ဆီးကြိုလျှက် ခွန်အားကြီးတဲ့ ဆင်နှစ်ကောင်
ခမ်းနားကျယ်ဝန်း ကိုးခန်းကြီးတွင် ဘုရားတော် ဂေါတမ
ရှေ့တော်မှောက၌် ဓမ္မစကြာပဌာန်းသံများ ဝေေ၀ဆာ……..။
ခြေတော်ရာမှ တောင်တော်ပေါ်သို့ တက်ရောက်ပါလျှင်
တောင်စာင့်မယ်တော် `မယ်ဖြူ´ နတ်နန်း အနီးနား၌
အလိုရှိရာကို ပြည့်စေဖို့ရွယ် အဓိဌာန်ဝင်တဲ့စေတီတော်၊
ပြုသောကုသိုလ်ရည်မှန်းပါ၍ ခေါင်းလောင်းထိုးကာ တောင်းဆုပန်သော
ဆုတောင်းပြည့် စေတီဘုရား ရင်ထဲအေးမြ ကြည်ညိုဖွယ်
တန်းခိုးတော်များ စုန်ကြူးလျှက် တုပမရှိ ၀င်းလက်ထိန်စွာ
ရောင်ခြည်ဖြာလျှက် ချွင်ချွင်သာသော ဆွဲလည်းသံဖြင့်
တန်ခိုးကြီးဘုရားလည်း ရှိခိုးဦးချကန်တော့ပါ၏………….။
တောင်တော်အစွန် မြောက်ဘက်တွင်ရှိ
လျောင်းတော်မူ … ကိုယ်တော်ဘုရားထံ
အပူအအေး အမောပြေရန် တထောက်နားရင်း
ဖူးမြော်ခြင်းကား ဘ၀င်နှလုံး ချမ်းမြေ့မဆုံး……..။
ဆင်တော်ငါးစီး ဘုရားအနီး၌ သဘာဝအတိုင်း ဖြစ်တည်ပါသော
စိန်တလုံးဂူတော်၊ ဇော်ဂျီဂူ နှင့် ဆင်ဖြူတွင်းမှတောင်တော်ဂုဏ်ကို
ထွန်းတောက်စေ၍ တောင်တော်တွင်ကျက်စား ဖိုညိုမျောက်များ
အခါတော်ပွဲသံ ကြားစဉ်ခါဝယ်မြူးတူးခုန်ပေါက် ကခုန်လျှက်
မြင်သူအပေါင်း ရွှင်ပြုံးစေအံ့……...။
ထူးဆန်းအံဖွယ် စာဖွဲ့မကုန်နိုင် များလှပါသော
ရှုခင်းများက ကဗျာဆရာရှုံး ငိုပွဲဆင်စေဖို့
လွမ်းမောဖွယ်ရာ  တောင်တန်းပြာနဲ့ လယ်ကွင်းများက
ရွှေသမင်မျက်လုံးနှယ် တင့်တယ်လှ၏………။

ရစ်မမ(နေပြည်တော်) 


.


Friday, March 23, 2012

အမှတ်တရ သတိရ တိုက်ပွဲဝင်ကာလ


ဆယ်တန်းဖြေချိန် မတ်လရောက်တိုင်း

သတိရမိတယ်ပေါင်းလောင်းရယ်

မတ်လ(၁၄)ရက် သချာင်္ဖြေသောနေ့မှာ

ခင်မင်မှုများ စ ရှိခဲ့ကာ

အ.ထ.က (၂)၊ ပေါင်းလောင်းအဆောင်မှာ

ဘ၀အတွက် တိုက်ပွဲဝင်ရင်း ပေါင်းလောင်းဆိုတဲ့

သူငယ်ချင်းတယောက် ကောက်ရခဲ့တယ်

ခင်မင် ရက်လေး တိုတောင်းပေမယ့်

ငါအမြဲသတိရမိတယ် ပေါင်းလောင်းရယ်

ပေါင်းလောင်းဆိုတဲ့နာမ်စားရယ်

မှတ်လိုက်မိတဲ့ ခုံနံပါတ်လေးရယ်က

အောင်စာရင်းထွက်တဲ့နေ့မှာ

မင်းနာမည်ကို ငါသိရမယ်လို့ ထင်ခဲ့ပေမယ့်

မင်းရဲ့ခုံအမှတ် (မန - ၁၇၂၄) မပါဘူးတဲ့…

ဘ၀တိုက်ပွဲမှာ ငါအနိုင်ရပေမယ့်

မင်း ကျရှုံးခဲ့လို့ ငါ့ရဲ့ပျော်ရွှင်မှုဟာ ပြည့်ဝခြင်းမရှိခဲ့တာ

ငါကိုယ်တိုင်ပဲ သိတာပါ

ငါမင်းကို ဘယ်လိုရှာရမလဲ

ဆုန်ကြီးပြောတော့ ``ကမ္ဘာကြီးက ကျဉ်းတယ်´´တဲ့

ကမ္ဘာမပြောနဲ့ မြို့အတွင်းလေးမှာတောင်

ငါ မင်းကို ရှာမတွေ့တာဒီနေ့ဒီအချိန်ထိပဲ………………..။

စာမေးပွဲတစ်နှစ်ပြီးသွားပြန်ပြီပေါင်းလောင်းရေ………….။

မင်းဘယ်အရပ် ဘယ်ဆီ ဘယ်ရောက်နေလဲ သူငယ်ချင်း………။

နောက်ဆုံးတော့လည်း  လေးဖြူသီချင်းလိုပဲ

ဘယ်ဆီကိုမင်းရောက်နေလဲ……………….။

ဘာတွေကိုမင်းလုပ်နေလဲ ………………….။


ရစ်မမ(နေပြည်တော်)



.

Friday, March 9, 2012

မမေ့နိုင်သော ထာဝရမိတ်ဆွေ


Ø  ငါရယ်မောပျော်ရွှင်နေရင်
မင်းကျေနပ်စွာပြုံးနေတတ်တယ်…..။
ငါစိတ်ညစ်နေချိန်မှာ
မင်းဟာသတွေပြောလို့..ငါစိတ်ညစ်သမျှကို
မေ့ပျောက်စေတယ်……။

Ø  ငါစိတ်အားငယ်ချိန်မှာတော့
ငါက မင်းရဲ့ ထာဝရညီမလေးပါတဲ့
မင်းအားပေးပြောစကားတွေက
ငါ့ခွန်အားသတ္တိတွေကို နိုးထစေတယ်….။

Ø  ငါဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့နေ့တွေမှာ
ငါက မင်းရဲ့ ထာဝရမိတ်ဆွေ ပါတဲ့
မင်းပဲ အရာရာကို ပြေလည်အောင်
ဖြေရှင်းပေးနိုင်ခဲ့တယ်……။

Ø  မင်းရယ်မောနေချိန်မှာတော့
ငါနုတ်ခမ်းဆူကာ စိတ်ကောက်နေတယ်
မင်းစိတ်ရှုပ်တဲ့အခါ
ငါက အလိုက်မသိစွာပဲ
ဟိုဟိုဒီဒီ ဘုရားဖူးပို့ခိုင်းခဲ့တယ်
မင်းအလုပ်များနေတဲ့အခါ
ငါတို့မဆုံဖြစ်ခဲ့ဘူးပေါ့……။
ပြန်ဆုံတဲ့နေ့တွေမှာတော့
ငါပြောသမျှကို အားပါးတရရယ်မောကာ
``ငါဒီလိုမရယ်ရတာကြာပြီ´´ တဲ့

Ø  မင်းဒုက္ခတွေရင်ဆိုင်နေရတဲ့ အချိန်မှာ
ငါက မသိတတ်စွာပဲ
မင်းနဲ့ အဝေးဆုံးနေရာမှာပျော်ရွှင်နေခဲ့တယ်
ငါ့ရဲ့ပျော်ရွှင်မှုတွေ ရပ်တန့်မသွားမီ
မင်းငါ့ကို ရက်စက်စွာ ထားရစ်ခဲ့တယ်
မင်း နောက်ဘ၀ထဲမှာ
ရယ်နေလား ပြုံးပျော်ရဲ့လား
ငါမသိပေမယ့်…………….။
Ø  ငါကတော့ မင်းမရှိတော့တဲ့
ဒီလောကထဲမှာ စိတ်ညစ်စရာတွေ
ဒုက္ခတွေကြား ခါးသီးစွာနဲ့
နေသားကျနေပါပြီ…..။
မင်းလည်း ငါရှိမနေသေးတဲ့
နောက်ဘ၀ထဲမှာ ထာဝရပျော်ရွှင်ပါစေ…..။

(အထွန်း ရောက်ရာဘုံဘ၀မှာ ပျော်ရွှင်စွာ ရှိနေပါစေ……)

                                                                         ရစ်မမ(နေပြည်တော်)


Tuesday, December 20, 2011

သံယောဇဉ်အချစ်


ကဗျာကို ခံစားချက်နဲ့ရေး
နှလုံးသားနဲ့ ဖတ်မှ
ရသမြောက်တာပါ........................။

စိတ်နဲ့ပဲ ခံစားခံစား
လက်တွေ့ပဲ ခံစားခံစား
သဘာဝကျဖို့ကောင်းတာပေါ့...........။
 
ခံစားချက်မပါတဲ့ ကဗျာဆိုရင်
အနှစ်မပါတဲ့ ပေါင်မုန့်လိုပဲ
ပေါ့ပျက်ပျက်နဲ့ စားမကောင်းဘူး..........။

အချစ်ဆိုတာကလည်း
သံယောဇဉ် ရှိမှ
တစ်ဘ၀တာ ခိုင်မြဲတာပါ.................။
 
အနေနီးလို့ပဲ ချစ်ချစ်
အနေဝေးရင်းပဲ ချစ်ချစ်
သံယောဇဉ်မှ မရှိခဲ့ရင်
တချိန်ချိန်တော့
နားလည်မှုဆိုတာလဲ
မရှိနိုင်တော့ဘူးလေ.................။
 
"သံယောဇဉ်မှာ
အချစ်မရှိလို့ ဖြစ်ပေမယ့်
အချစ်မှာတော့
သံယောဇဉ်မရှိလို့ မဖြစ်ပါဘူး...........။


                                             ရစ်မမ( နေပြည်တော်)



Friday, December 16, 2011

ရင်ခွင်မဲ့သား


အမေ့ရဲ့
ချွေးစက်လေးတွေနဲ့
ပေးဆပ်ခဲ့ရတဲ့
ဘ၀ရဲ့ စာမျက်နှာများမှာ
အားငယ်စွာ ရုန်းကန်ရင်း.....။
အမေရယ်.................
အမေ့ရဲ့
ပြတ်သားတဲ့ စိတ်ဓါတ်
ရဲရင့်တဲ့ အတွေးခေါ်တွေ
ကျွန်တော် ခုထိ မှတ်မိသေးပါရဲ့....။
""" သား
ရွက်မရှိ
တက်နဲ့လှော်
တက်မရှိ
လက်နဲ့လှော်ရမယ် ""  လို့"
ကြွေးကြော်ဆုံးမ
လမ်းပြခဲ့တဲ့
အမေ့ရဲ့ စကားသံ
တခါပြန်ကြားချင်တယ် အမေရယ်....။
မိုးမကြောက်
လေမကြောက်
လမ်းတလျှောက်
တွေ့သမျှ ဒုက္ခ
ခါးစည်းရင်ဆိုင်ခဲ့ရတယ် အမေရယ်....။
အတောင်စုံလို့
သိုက်မြုံကိုစွန့်ခွာ
အလှကမ္ဘာမှာ မျှော်လင့်ရင်းနဲ့
ဘ၀မေ့ခဲ့တဲ့ သားကို
အမေ့ရဲ့ ရင်ခွင်ကြားမှာ
ပြန်လည် နားခိုခွင့်ပေးပါ အမေ....။




ဆရာ တင်ဦးသိန်း၏ ကဗျာကို (အမေချစ်သော သားများအတွက်)
ပြန်လည်ရေးသားမျှဝေခြင်း ...................... ရစ်မမ(နေပြည်တော်)

Wednesday, December 14, 2011

“အမေ”


အဖြူစင်ဆုံးသော
မေတ္တာတရားတွေနဲ့
အမေ့ရဲ့မွေးဖွားခြင်းကြောင့်
လောကကြီးမှာ
အသက်ရှင် ရင်ဆိုင်ခွင့်ရခဲ့တဲ့
ကျွန်မအတွက်
အမေဟာ
အတုမဲ့ပါ…အမေ။

ကျွန်မအသက်နှင့်
ထပ်တူ ထပ်မျှ ချစ်ရသော
အရင်းနှီးဆုံး
တီးတိုးတိုင်ပင်ဖော်
အရင်းနှီးဆုံး
ရင်ဖွင့်နားလည်ဖော်ဖြစ်တဲ့
အမေသာ
ကျွန်မအတွက်
လမ်းပြကြယ်ပါ…အမေ။

ဇွတ်တရွတ်နဲ့ ခေါင်းမာတတ်တဲ့
သမီးနှင့် အမေရဲ့
ခါးသီးခဲ့တဲ့
နေ့တချို့ကို ပြန်တွေး
အရာရာတိုင်းမှာ
တဖတ်သက် နားလည်မှုတွေ
ပေးနိုင်စွမ်းခဲ့တဲ့
အမေ့ရဲ့ မေတ္တာဟာ
ကျွန်မအတွက်
အဆုံးမဲ့ သမုဒ္ဒရာပါ…အမေ...။

မြတ်စွာဘုရားထံ ဆုတောင်း
အမေ့ရဲ့ ချစ်ခြင်းတွေကို
ကောင်းကောင်းနားလည်ပြီးဖြစ်တဲ့
ကျွှန်မအတွက်
အခြားအရာအားလုံးထက်
အမေ့ရဲ့ ကျေးဇူးကိုသာ
အပြည့်အ၀ ဆပ်ခွင့်ရသူ
ဖြစ်ပါရစေ…အမေ။

   (  
ချစ်သောမေမေ အတွက် မှတ်မှတ်ရရ နတ်သမီး (တောင်ကြီး)ရဲ့ ကဗျာကို 
ပြန်လည် ရေးသားမျှဝေပေးပါသည်။          

                            ခင်မင်လေးစားလျှက်..........ရစ်မမ (နေပြည်တော်) 



ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here