Showing posts with label ဆူးသခင်၏ကဗျာများ. Show all posts
Showing posts with label ဆူးသခင်၏ကဗျာများ. Show all posts
Sunday, April 1, 2012
အလွမ်းများရဲ့နောက်တစ်မျက်နှာ
မောင်နဲ့ ချစ်သူဖြစ်ခဲ့ရတဲ့ရက်တွေ ပျော်သလား?
မငဲ့ညှာတန်း ၀န်ခံရရင်
မပျော်ခဲ့ပါဘူးချစ်သူ..
အမြဲတမ်းပြဿနာနဲ့ ရန်လိုနေတဲ့နင့်ကို
ငါမှန်ပေမဲ့ အမြဲတောင်းပန်နေခဲ့ပါတယ်..
ငါ့ရင်ထဲ ဘာဖြစ်သလဲဆိုရင်
ခွင့်လွှတ်ပေးနိုင်ဖို့ ငါ့ကိုယ်ငါ ဖြေသိမ့်ခဲ့ပါတယ်..
ဒီပေးဆပ်ခြင်းတွေအတွက်
နင်ပြန်ပေးခဲ့တာ ဘာလဲဆိုရင်
လျစ်လျူရှုခြင်း..
ရှိသမျှမာန အရည်ဖျော်ပြီး
ခပ်ရဲရဲ ၀န်ခံရရင်
နင့်ကိုငါ သိပ်ချစ်ခဲ့ပါတယ်..
နင်ထားခဲ့ပြီးတော့ ငါဘာဖြစ်သလဲ
ပွင့်ပွင့်လင်းလင်း ၀န်ခံရရင်
မယုံနိုင်ခြင်းများနဲ့  ညတိုင်းငိုနေခဲ့တယ်..
နင်မရှိတော့တဲ့ နေ့ ရက်တွေ
ငါဘယ်လိုနေထိုင်သလဲ ၀န်ခံရရင်
စက္ကန့် နဲ့ အညီ နင့်ကိုလွမ်းမိပါတယ်..
ငါ့ရင်ထဲ နင့်ကိုနာကျည်းမိတာ
အတိအကျ ဆိုပေမဲ့
ငါ့ရဲ့နေ့ ရက်တိုင်း အလွမ်းတွေချည်းပဲ ချစ်သူ..
အလွမ်းများရဲ့နောက်ကွယ်မှာ
နင့်အတွက် နာကျည်းစိတ်နဲ့ အမုန်းတွေ
လှလှပပ သီကုံးထားမှန်း ငါသိနေတော့
အလွမ်းများရဲ့ နောက်တစ်မျက်နှာကို ငါမကြည့်ချင်ဘူး.. 
ဆူးသခင်(ရန်ကုန်)
.
Saturday, March 31, 2012
ပျောက်ကွယ်သွားချိန်
နင်ကြိုက်တဲ့ မိုးရေစက်တွေ
ငါ့နှလုံးသားမှာ ခိုးနားတော့
တတောက်တောက် နဲ့ လေ..
ဖွင့်ချင်မှ ဖွင့်မဲ့တံခါး
အမြဲပိတ်ထားတာ ဘာဆန်းလဲ..
အာဒံက ဧ၀ ကိုချစ်တယ်..
ရိုမီယို က ဂျူးလိယက်ကိုချစ်တယ်..
မင်းနန္ဒာ က ရှင်မွှေးလွန်းကိုချစ်တယ်..
ငါကလည်း နင့်ကိုချစ်တာပဲ..
ဧ၀ က တုံပြန်တယ်..
ဂျူးလိယက်က လည်းတုံပြန်တယ်..
မွှေးလွန်းက လည်းတုံပြန်တယ်..
နင်ကလည်းတုံပြန်တာပဲ..
ကွာခြားသွားတဲ့တုံပြန်ပုံက
ငါ့ဘ၀နဲ့ ငါ့ကုသိုလ်..
လသာတုန်းအူတဲ့ ခွေးအူသံမှ
ဆွေးစရာကောင်းတာ မဟုတ်ဘူး..
နွေရောက်တိုင်း ဥသြငှက်ရဲ့အသံမှ
လွမ်းစရာကောင်းတာ မဟုတ်ပါဘူး..
လေတိုက်လို့ လန်သွားတဲ့ ပြက္ခဒိန်စာရွက်တွေလို
ရက်စွဲတွေက အကုန်မြန်တယ်..
ဂီတာက ကြိုးပြတ်တယ်..
ခံစားချက်က ကျိုးပျက်တယ်..
အသံတူပြီး အကြောင်းကွဲပုံများ..
မောင်၇ယ်..
နွေပြီးတော့ မိုးနဲ့ ဆောင်း..
ခံစားချက်မဲ့တဲ့ တေးသွားတစ်ပုဒ်လို
နေစားလိုက် လေစားလိုက်နဲ့ ..
ငါဟာတဖြည်းဖြည်းနဲ့ အရောင်ေ၀၀ါး လာခဲ့ပြီ..
ဆူးသခင်(ရန်ကုန်)
ကဗျာတွေအတွက်ဆူးသခင်ကိုဒီနေရာကနေကျေးဇူးတင်ပါကြောင်း....
.
Tuesday, March 27, 2012
မာန
သိပ်မာနကြီးတဲ့ မိန်းမ
အတ္တကြီးတဲ့ မိန်းမ
အသည်းနှလုံးမရှိတဲ့ မိန်းမ
အဲ့လိုဂုဏ်ဒြပ်တွေနဲ့ 
ရှင်သန်လာတဲ့ ငါ...........။ 
ငါ့မာန ငါ့အတ္တ
ငါ့ကိုယ်တိုင် ပျိုးထောင်ခဲ့တာ
နင်တစ်ယောက် ငါ့ဘ၀ထဲ
ခြေလှမ်းမှားရောက်လာတော့
ငါဆိုတာ ပြောင်းလဲပစ်ဖို့ အခက်သား..
နင်နဲ့ အတူရှိတဲ့အချိန်
ငါ့မျက်နှာမပြုံးပေမဲ့
ငါ့ရင်ထဲ တိတ်တိတ်လေး ပြုံးတယ်
နင့်လက်ကို မတွဲခဲ့ပေမဲ့
စိတ်ကူးထဲ တိတ်တိတ်လေး
ဆုပ်ကိုင်ခဲ့တယ်..
လွမ်းသလားလို့ မေးရင်
တစ်ခွန်းတောင်ပြန်မဖြေခဲ့ပေမဲ့
စက္ကန့် တိုင်း တိတ်တိတ်လေး လွမ်းတယ်..
နင်နဲ့ အတူရှိခဲ့တဲ့အချိန်
အပြင်ပန်း ခပ်တည်တည်နေပေမဲ့
ငါ့ရင်ထဲ တိတ်တိတ်လေး
၇ွှင်မြူးနေခဲ့တယ်..
ငါမွေးမြူခဲ့တဲ့ ငါ့မာန ငါ့အတ္တ
အကြိမ်ကြိမ် ချိုးနှိပ်ဖို့ 
တိတ်တိတ်လေး ကြိုးစားနေခဲ့ပါတယ်..
ငါ့ကိုနင် မချစ်တော့မှန်း သိခဲ့ရတာ့
ငါ့ရင်ထဲ တိတ်တိတ်လေးကြေကွဲတယ်..
နောက်ဆုံး ဒီမာန ဒီအတ္တတွေက
ငါ့နှလုံးသားကို တိတ်တိတ်လေး
သေဆုံးစေခဲ့ပြန်တယ်လေ.........။
 ဆူးသခင်(ရန်ကုန်)
.
Friday, March 23, 2012
ရုန်းထွက်ခွင့်
ချစ်သူရယ်..
ကျေးဇူးပြုပြီး
ငါ့အတွေးထဲက ထွက်သွားပေးပါ.
ဘ၀အတွက် ရယ်စရာ မောစရာတွေ
တွေးတောခွင့်ရချင်သေးတယ်...
ချစ်သူရယ်..
ကျေးဇူးပြုပြီး
ငါ့ဦးနှောက်ထဲက ထွက်သွားပေးပါ.
မှတ်ဥာဏ်တွေထဲ ပျော်၇ွှင်စရာများ
ပြောင်းလဲထည့်သွင်းခွင့်ရချင်သေးတယ်...
ချစ်သူရယ်..
ကျေးဇူးပြုပြီး
ငါ့ဘ၀ထဲက ထွက်သွားပေးပါ.
နေ့ ရက်တွေတိုင်း မင်းရဲ့အရိပ်က
လွတ်မြောက်စွာ ကြိုးစားကြည့်ချင်သေးတယ်...
ချစ်သူရယ်..
ကျေးဇူးပြုပြီး..
ငါ့နှလုံးသားထဲက ထွက်သွားပေးပါ.
ရင်ခုန်သံတိုင်း ဒဏ်ရာကင်းစွာ
နိုးကြားခွင့် ရှိနေချင်သေးတယ်...
ဒါတွေဟာ..
တောင်းဆိုရုံသက်သက်ပါ
မောင်းမထုတ်ပဲ မင်းထွက်သွားခဲ့တာ
အချိန်တွေ ကြာလှပေါ့..
ငါ့ကိုယ်တိုင် မလွတ်မြောက်နိုင်သေးတာတော့
ဘယ်နတ်ဆိုးရဲ့ ကျိန်စာများလဲနော်...
ဆူးသခင်(ရန်ကုန်)
.
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here