Showing posts with label မိန်နွေ ရေးတဲ့ကဗျာများ. Show all posts
Showing posts with label မိန်နွေ ရေးတဲ့ကဗျာများ. Show all posts

Thursday, January 3, 2013

♥♥♥♪♪ကျွန်ုပ်သနားသော လူတစ်စုအကြောင်း♪♪♥♥♥


မိုး--ဘယ်ကရွာသလဲ-----?
ကညစ်နဲ့ခြစ်ချတိုင်း
စာရွက်ဖြူဖြူမှာပေပွနေတိုင်း
ဘောပင်နဲ့ ကောက်ကြောင်းရေးဆွဲတိုင်း
စာပိုဒ်တစ်ပိုဒ်ကို ကဗျာလို့ခေါ်တာလား။

ခွဲထွက်သွားတာလို့ ပြောချင်ရင်ပြော
ဒါမှမဟုတ်
နည်းပညာတစ်ခုလို့ ဆိုချင်ရင်ဆို
မိုးရေ ဘယ်က ကျသလဲဆိုတာမသိပဲနဲ့
ခေါင်းကြီးပိုင်းမှာ
မိုး---မိုးလို့အော်ခေါ်နေတာလောက်
အော့အန်ချင်စရာဘာမှ မရှိဘူး ။

ကဗျာတစ်လုံးမှ မရွတ်ဖူးပဲ
အကဲဖြတ်ကဗျာအယ်ဒီတာ လုပ်နေတာ
ခင်ဗျားတို့ကြားဖူးလား။

ခံစားချက်တွေအရည်ကျိုထားတဲ့
ရင်ခွင်တချို့ ကဖွင့်အံမှုတွေယူပြီး
မှင်ဖိုးမပြည့်တဲ့ပေးကမ်းမှုနဲ့
ကျေနပ်နေတတ်တဲ့ကလောင်တချို့ကိုမြင်တိုင်း
ရင်ထဲမှာငိုနေမိတာတော့အမှန်ဘဲ
တံခါးထက်မှာချိတ်ဆွဲထားတဲ့ဆိုင်းဘုတ်က
``အနာဂါတ်ကမ္ဘာ ၊ကဗျာနဲ့တန်ဆာဆင်မည်´´တဲ့
ကျီးအာသီးထဲက  ပိုးလောက်တွေလိုပဲ
အရောင်နဲ့ကွယ်ပြီး
အတွင်းသားကို လှိုက်စားနေကြတယ်။
ကြာရင်
ကဗျာတွေ သေဆုံးမှာစိုးရိမ်ရတယ်။   ။

AM:07:40:00
Sunday.2-6-2012
လေးစားစွာဖြင့်---မိန်နွေ
(ကေတုမတီ--အမှတ်တရ)


Wednesday, January 2, 2013

မခမ်းနားတဲ့ငိုချင်း


မာယာနဲ့ရောပြွန်းထားတဲ့လမ်းမပေါ်မှာ
ဆည်းလည်းသံလေးတွေအတွက်
မာနကိုခ၀ါချပြီး
လောကဓံကိုသူထမ်းပိုးခဲ့တယ်။
အဆိပ်သင့်ညတိုင်းမှာ
ပင်ပန်းခြင်းတွေ ပြေရာပြေကြောင်း
အငွေ့ဖန်ဆင်းထားတဲ့ မာရ်နတ်တွေမျိုချခဲ့တာ
ဒါကို
ငေါက်ငေါက်စင်းနေတဲ့ လက်ညှိုးတွေက
သူ့ရင်ဘတ်ကို တည့်တည့်
ဟန်ဆောင်ခြင်းကင်းတဲ့ ရက်စက်မှုတွေနဲ့
ကွပ်လပ်ထဲကို ဖြည့်တင်းခဲ့တာ
ပစ်ပယ်မှုတွေနဲ့ မုန်းတီးခြင်းတွေပေါ့။
အသမာတက်နေတဲ့ ပခုံးတစ်ဖက်ကို စမ်းသပ်မိတိုင်း
တစ်ဆစ်ဆစ်နာကျင်နေတဲ့ နှလုံးသားက ခွင့်လွှတ်ပေမယ့်
အလှည့်ကျလာမယ့် ကံတရားကိုရင်ဆိုင်ဖို့
သူ့တို့လေးတွေ ပြင်ဆင်ပြီးကြပြီလား။
မီးတောက်တွေ မျိုချတိုင်း
ဒီအကြောင်းတွေ စဉ်းစားခဲ့တာ
ကွယ်ဝှက်ထားတဲ့ မျက်ရည်ထုထည်တောင်
အရည်ပျော်လုလုဖြစ်နေပြီ။ ။။။

မိသားစုအတွက် အစွမ်းကုန်းကြိုးစားခဲ့တာတောင် 
ဘာမှမဟုတ်တဲ့ အရက်တစ်စက်နဲ့ ၀ိုင်းပယ်ခံရတဲ့ 
ဖခင်တစ်ယောက်၏ ခံစားချက်။


မိန်နွေ==1/12/11

.


Monday, December 31, 2012

သခင့်ရဲ့ဂုဏ်ရည်သဘော


သြော်---မြန်မာနန်းပလ္လင် ခွေးဘုရင်တက်စဉ်က
ရာဇ၀င်သမိုင်းတွင် လျှမ်းအစဉ်တင့်စေဖို့
တောင်တွင်းခရိုင် နတ်မောက်မြို့မှာပေါ့
သခင့်ကိုတော့ သန္ဓေတည်ပြီ
ငါတို့ဌာနီ လွတ်မြောက်ပြီဟု
နိမိတ်ဝါစီ စာဆိုရှိတာဖြင့်
ထန်းကိုပ မိုးကြိုးခွင်းမည်
တစ်ကိုးတစ်ငါး ဖေဖော်ဝါရီ
တေရသာဟာ ရက်အလီပွါး
အာရုဏသမယေ နဂါးစနေ မှာ ဖွါးပြီမို့
အမည်နာမံ ရုဠှီကြံလိုက်တာဖြင့်
တဘောင်ဆန်ဆန် နိမိတ်မှန်ဖတ်သည့်ပမာ
မသာကုလားဖြူ အယုတ်တမာတွေ တွန်းလှန်စေဖို့
မျောက်သဏ္ဍာန်တူ အင်္ဂလိပ်မျက်နှာဖြူကို မောင်းထုတ်စေဖို့
ငါတို့ပြည်မြန်မာ လွတ်လပ်ရေးကို ရစေဖို့
အမှောင် အပိတ် အပိန်းတွေ ဖယ်တိန်းစေဖို့
ထိန်လင်းဆိုသည့် သခင်တစ်ယောက်
တို့ပြည်မှာ ပေါက်ဖွားခဲ့ပြီလေ  ။
သြော်---မျိုးဇာတ်နွယ်မြစ် ဂုဏ်သင်းကာ သန့်ရှင်းပေသည့်
အတီတကာလ ကို စာစီကာပြရရင်ဖြင့်
တတိယမြန်မာ အလောင်းမင်းတရားရွှေလက်ထက်ပါပေါ့
အလွန်ညာဏ်ကျော့တဲ့ အမတ်မင်းကြီး ဦးမြ ကတစ်သွယ်
ဘ၀ရှင်မင်းတုန်း ရတနာပုံနန်းကို ခိုလှုံကာ တရားပြချိန်က
သက်တော်ရှည်အမတ် ခမ်းပတ်မင်းကြီးက တမျှော်
နန်းတွင်းသမားတော် ဦးကျော်ဇံ ရယ်တို့
ထိုမြို့ထိုမြို့က ဆင်းသက်လာပြီး
မျိုးချစ်သူရဲကောင်း ဗိုလ်လရောင်ထိ
ဇာတိမာန်ပြည်ချစ် သူရသတ္တိနှင့် ကုံလုံသော
ဘ ဘိုး ဘေးတို့ပေါပါဘိသဟာ
ရှေ့နေဦးဖာ မယ်မာတာ ဒေါ်စု
သည်ရင်နှစ်ခု ပေါင်းစုပြီး ထုဆစ်လိုက်တာက
ဇမ္ဗူတစ်ခွင် စာတင်မှတ်ဖို့ကွယ်
ထိန်လင်း သို့မဟုတ် အောင်ဆန်းရယ်ဟု
မြန်မာ့ဗိသုကာ ပြဇာတ်
ပတ္တမြားထက် အက္ခရာထွင်းခဲ့လေပြီ  ။
သြော်---ငါတို့သခင် အရင်းမြစ်တွေမို့
ပြန်ပြောင်းတွေးလျှင် ရင်ထုမနာ ဖြစ်ရပြီတမုံ့
ဟို -အယုတ်တမာ ခွေးနာ ဂဠုန်ရယ်က
ကိုယ့်ဗမာ ကိုယ့်မြန်မာကို မသနားပေဘု
သခင်တို့တစ်စု အရေးမရှုသည့်
အဲသည် အာဏာဆိုသည့် အလကားအရာကို
ဘုရားလိုလို နတ်လိုလို ထိပ်ပေါ်တင်ကိုးကွယ်ပြီး
ပြည်သူများရဲ့ ချစ်သခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပေါ်ကိုကွယ်
ကောက်ကြံမယ် အသားထဲရယ်က လောက်ထွက်ကာဖြင့်
အာဏာရစ် ရစ်ကာ အာဏာရူး ရူးနေပြီမို့
မိစ္ဆာကုလားဖြူ မိစ္ဆာလူတို့နဲ့ပေါင်းဖက်ကာပေါ့
အောင်ဆန်းရာဇာနှင့်
ဗိုလ်ချုပ်အပေါင်းအပါ အာဇာနည်ပုဂ္ဂိုလ်တို့ကို
မရဏတောကို အသာတမျှော် ပို့လိုက်သဟာ
ပြည်သူများမှာ မျက်ရည်မဆည်နိုင်ပါဘု
ဝေဒနာများစွာ စိတ်ဖီစီးကာဖြင့်
တစ်ကမ္ဘာလုံးပါ ဖိန့်ဖိန့်တုန်သွားတဲ့ လုပ်ကြံမှုရယ်
( အိုကွယ်) ပြည်သူများမှာ ရင်ကွဲရတယ် ။
ဇမ္ဗူတစ်ခွင် ပြဲပြဲစင်အောင် ရှာကြည့်ပါတော့
သခင်လိုလူ တွေ့ပါမည်လား
(၁၃) နှစ်တာ နှစ်အပ္ပကာ အတွင်းမှာ ထွေး
ပြည်မြန်မာဘေး ကယ်တင်ရေးသာ ဦးစားပေးခဲ့
သြော်---မသမာသူဘေး သခင်ဝေးအောင် မရှောင်ပုန်းခဲ့လို့
အရိုင်းစံသူ ခြစားသူ ယုတ်မာမှုတွေကြောင့်
မရဏတောကို အချိန်စောစွာ မြန်းရပေမယ့်
ပြည်မြန်မာလူထု ဒီဇမ္ဗူ့ရင်ခွင်ထဲမှာ
သခင်ရာဇာ အောင်ဆန်းပါဟု
မြန်မာ့ဗိသုကာ ဘယ်အခါမှ မပျောက်ပြီ
ဟောဒီကမ္ဘာ ပျက်ကာလည်း မသေပြီ
ရဲရဲတောက်ခဲ့တဲ့ တို့အာဇာနည်မှန်း
အကျွန်လွမ်း ရည်မှန်းလို့ နှလုံးမှာသွင်း
လွမ်းရင်းဆွေးကာ တမ်းရပြီကွယ်
( အမယ်မင်း) ရင်ထဲမှာ ငိုကာရယ်နော်
အက္ခရာတွေ အမျိုးမျိုးသုံးသော်လည်း
မဆုံးသေးတဲ့ သခင့်ဂုဏ်ရည်မှာဖြင့်
ရေးထုံးနှင့် မကုန်ခမ်းနိုင်ရှာတဲ့
သခင့်ရဲ့ ဂုဏ်ရည်သဘော-------------။ ။

  



                                                            လေးစားစွာဖြင့်---မိန်နွေ--9/1/2012





ခက်ဆစ်==

ထန်းကိုပမိုးကြိုးခွင်းမည်-----------တဘောင်စာတစ်ခုဖြစ်သည်
တေရသာဟာ--------------------- ( ၁၃) ရက်
အာရုဏသမယေ-------------------လင်းအရုဏ်ချိန်
အမည်နာမံ ရုဠှီကြံ------------------နာမည်မှည့်သည်
(၁၂) နှစ်တာ နှစ်အပ္ပကာ အတွင်းမှာ-----နိုင်ငံရေးလုပ်ခဲ့သည့်နှစ်အရေအတွက်
အကျွန်မှန်း-------------------------ကျွန်တော်ရည်မှန်းကာ
ရေးထုံးနှင့်-------------------------ရေးလို့မကုန်နိုင်




(((ရေစက်)))


ရေစက်  တဲ့

ဘယ်လိုနတ်ဆိုးကများရေးစွဲခဲ့တာလဲ

သက်တုံငင်တုံဖြစ်နေတဲ့ ရင်ခုန်သံတွေဟာ

သက္ကရာဇ်တွေနဲ့ အတူလျှောက်ရလို့

ကြည့်စမ်း

ခုဆို-----------
 
ခြေဖ၀ါးတွေတောင် ကျိန်းနေပြီ။                ။။။။။။။။။။။။။။။။။။။။
 
လေးစားစွာဖြင့်
 

မိန်နွေ

.

Saturday, December 29, 2012

((((ဇရာမလွမ်းတဲ့ငယ်ကြွမ်းတေး)))


ဖျင်ကြမ်းစောင်ပုခက်ပေါ်က

အူဝဲ ဆိုတဲ့ကျိန်စာတွေ

အသဲအမဲ အော်ဟစ်တဲ့အချိန်

ခြင်တွေလား၊ယင်တွေလား

ငါ့သားအနားဘယ်သူလဲ

ငိုကြွေးတဲ့သားငယ်ကို

ပုခက်ထဲက ပွေ့

ယုယစွာ ထွေးပိုက်ပြီး

နွေးထွေးတဲ့ရင်ခွင်ထက်က

သာယာတဲ့တေးသံတစ်ပုဒ်

အမေ့နှုတ်က သီဆိုပေးခဲံ့။

အို--အို့--အို--အို-။

ယခုတော့အမေ----------

ဇရာအုပ်ဖုံးသွားတွေပြုန်းလို့

ခါးတွေလည်းကိုင်း၊ နားလည်းထိုင်းပြီ

သင်္ခါရတရား ဘယ်အရာမှမမြဲကြ။

ဘယ်ခေတ်က ပဲစစ

ခေတ်အဆက်ဆက်သာပြောင်းသွားပေမယ့်

အမေ့တို့ရဲ့တေးသံသာ

ဘယ်အခါမှမပြောင်းခဲ့

နေစောင်းတဲ့အထိ

အို--အို့--အို--အို။



လေးစားစွာဖြင့်---မိန်နွေ


. 


♫♫♥♥အိမ်ပြေးတစ်ယောက်၏ အညာမြေအလွမ်း♥♥♫♫


အေးစက်နေတဲ့
ခပ်စိမ့်စိမ့် ကော်ဖီတစ်ခွက်ကိုအာရုံခံမိတိုင်း
အပူဒဏ်ပြင်းတဲ့
အညာမြေကို လွမ်းတယ်။
အာဖရိက ဗုံသံတွေလို
စိတ်ကိုယစ်မူးစေတဲ့ ဂီတသံတွေကြားတိုင်း
ခေတ်ကိုအမှီလိုက်နေတဲ့
အညာမြေက ဗြောသံတွေကိုလွမ်းတယ်။
စက်တပ်ယဉ်တွေ ဒလဟောစီးဆင်းနေတဲ့
ခန့်ခန့်ညားညား
ကွန်ကရစ်လမ်းမကြီးကို မြင်တိုင်း
အညာမြေက
ဖုံထူထူ လှည်းလမ်းမကြီးကို လွမ်းတယ်။
စည်းရိုးခတ်ထားတဲ့
ရောင်စုံပန်းပွင့်တွေကိုမြင်တိုင်း
ဖြူဖွေးဖွေး ချောင်းကမ်းနံဘေးက
အစီအရီပေါက်နေတဲ့ လက်ပံပင်တွေကို လွမ်းတယ်။
အမျိုးအမည်မသိတဲ့
ရနံ့တစ်ချို့ကို ရှုရှိုက်မိတိုင်း
အညာမြေက
ခံပွင့်နဲ့ဆူးရစ်ပန်းရနံ့လေးတွေကို လွမ်းတယ်။
မာယာများတဲ့
ခင်မင်မှုတွေတွေ့တိုင်း
အညာမြေက
ရိုးသားတဲ့အပြုံးတွေကိုလွမ်းတယ်
ဟန်ဆောင်တတ်တဲ့
ရယ်မောမှုတွေကြုံတိုင်း
အညာမြေက
ပွင့်လင်းတဲ့စကားသံတွေကိုလွမ်းတယ်။
ဂုဏ်၊ပကာသနတွေ လွှမ်းမိုးထားတဲ့
လူအုပ်ကြီးကိုမြင်တိုင်း
ရိုးသားခြင်းတွေလိုလားတဲ့
အညာမြေကိုလွမ်းတယ်။
ရေနစ်သူကို ၀ါးကူထိုးတဲ့
လူတစ်စုရဲ့ ပျော်ရွှင်မှုတွေကိုမြင်တိုင်း
စည်းလုံးပြီးညီညွတ်တဲ့ အညာမြေကိုလွမ်းတယ်။
အရေခြုံထားတဲ့
မြို့ကြီးကိုကြည့်မိတိုင်း
အညာမြေက
အညာမြေကိုလွမ်းတယ်။

PM:10: 05:00
လေးစားစွာဖြင့်---မိန်နွေ
(ကေတုမတီ---ရောက် အမှတ်တရ)


.


Thursday, December 27, 2012

(((မိုနာလီဇာအပြုံးထက်သာတယ်))



ဒီညမှာလည်း
မနေ့ကလိုမျိုး
နှာခေါင်းရှုံ့သူများရှိမလားလို့
လမင်းနဲ့အတူလိုက်ရှာခဲ့တယ်။
အဖြေမရှိတဲ့ ပုစ္ဆာတစ်ခုမှာ
ဝါကျတွေက မညီမညာနဲ့
စကားလုံးတွေတစ်ခုပြီးတစ်ခုသုံးတာတောင်
အက္ခရာတွေက မပြည့်စုံဘူး။
လီယိုနာဒို ဒါဗင်ချီ ငိုရလောက်အောင်
မင်းရဲ့နှာခေါင်းရှုံ့ပုံက အသက်ဝင်လေတော့
အနည်းဆုံးတော့
မိုနာလီဇာ ထက်သာမယ်ဆိုတာ
နံရံတွေမေးကြည့်ရင်သိနိုင်တယ်
နောက်တော့
ဂဏာမငြိမ်တဲ့ ငါ့မျက်လုံးတွေက
မနေ့က သူထိုင်တဲ့(PC4)မှာ
လမင်းများသာနေမလားလို့
အကြိမ်ကြိမ် ရစ်ဝဲငေးမိတယ်။။              ။။

မိန်နွေ

.

Saturday, December 22, 2012

နှလုံးသားထဲက သခင်


အတိတ်တစ္ဆေခြောက်တဲ့စာမျက်နှာမှာ
ဆူညံနေတဲ့ မျက်ရည်တွေ
ဗလံပွနေတဲ့အဓမ္မတွေ
အတုံးအရုန်း ကျဆုံးကုန်တဲ့ ကျက်သရေခေါင်းပေါင်းတွေ ။  ။

အ၀တ်တိုတို ခမောက်ဆောင်းထားတဲ့ နတ်ဆိုးတွေက
နေကျဲကျဲတောက်နေတဲ့ ငရုတ်ခပ်ပြီးသားနွေကန္တာနဲ့
အခိုးငွေ့သာသာ ကျန်တဲ့ ခပ်ယဲ့ယဲ့တဲအိမ်တွေပေါ်မှာ ခုန်ပေါက်လို့
စာနာမှုတွေပျောက်ဆုံးကုန်တဲ့ တောအုပ်ကြီးထဲ
အငမ်းမရမျိုချလိုက်တဲ့ အမှောင်ထုရဲ့နောက်မှာ
သောက တေးသံတွေ အသံစုံမြည်နေကြတယ်။

လက်ရုံးရည် အားကိုးပြီး
အဲဒီရေစီးတွေ ခုခံခဲ့ပေမယ့်
အသားထဲက လောက်ထွက်တဲ့ ညာဉ်ဆိုးတွေ
ဇာတ်တူသားကို ပြန်စားတဲ့ ခွေးဘီလူးတွေကြောင့်
တောဟာ တောနဲ့မတူပဲ
အဆံကျွတ်သွားတဲ့ ခရုခွံကမှ ကြည့်လို့ကောင်းနေသေးတယ်။
မောင်မင်း မောင်မင်းနဲ့ လူကလေးလို့ခေါ်တဲ့ တံတွေးခွက်တွေကြားမှာ
ဒေါင်းအလံထူချင်တဲ့ မျိုးချစ်တွေ
ဆန်ရှိပေမယ့် ထမင်းမစားခဲ့ရဘူး
ရေနံရှိပေမယ့် မီးမထွန်းခဲ့ရဘူး
ရွှေရှိပေမယ့် မ၀တ်ဆင်ခဲ့ရဘူး
သစ်တောတွေ ပေါများနေပေမယ့်
ကိုယ်ပိုင်အိမ်တောင် မဆောက်နိုင်ခဲ့ဘူး
ကိုယ့်မြေမှာ ပေါက်တဲ့ သယံဇာတတွေကို
သွေးစုပ်တတ်တဲ့ မာရ်နတ်တွေ ဖျက်ဆီးနေကြပေမယ့်
မျက်လုံးမှိတ်ပြီး အံကြိတ်နေရတဲ့ ဘဝ
ပိုပြီး ၀မ်းနည်းစရာကောင်းတာက
မြန်မာအမျိုးသမီးတွေ အဓမ္မသွေးဆောင် ဖျက်စီးခံရတာပဲ။

ဝိညာဉ်တွေ အော်ဟစ်ပြီး
အရိုးစုတွေ ကျိန်ဆဲနေတဲ့ အချိန်မှာ
မြန်မာတွေ ညဉ်းညူးနေပေမယ့်
ရာဇပလ္လင်ပေါ်က ခွေးဘုရင်တွေကတော့
လက်ထဲမှာ ယမကာ နဲ့ မပျက်ခဲ့ဘူး။

နောက်တော့
ကံကြမ္မာဟာ ကံကြမ္မာရဲ့ စေရာအတိုင်း
ဝင်ရိုးစွန်းအတိုင်းလျှောက်လှမ်းနေတဲ့ နေမင်းကြီးဟာ
ကမ္ဘာကို အကြိမ်များစွာ ပတ်ပြီးတဲ့နောက်
နေတစ်စင်းက မွေးဖွားလိုက်တယ်ပဲ ပြောပြော
နတ်သိကြားက ဖန်ဆင်းလိုက်တယ်ပဲ ပြောပြော
သူက--
နှလုံးရည်ကို အသုံးပြုပြီး
မြန်မာတွေကို ကယ်တင်ခဲ့တယ်
အာရှတိုက်ထဲက ကမ္ဘာ့အသိအမှတ်ပြု
အသက်အရွယ် အငယ်ဆုံး တော်လှန်ရေးခေါင်းဆောင်
ပြောတဲ့အတိုင်းလုပ်ပြီး ရဲရင့်ပြတ်သားတဲ့သူ
အချိန်အခါကိုကြည့်ပြီး
လက်ရုံးရည် ၊ နှလုံးရည်ကို အသုံးချတတ်တဲ့သူ
မြန်မာကို ချစ်လွန်းလို့ အလုပ်လုပ်နေပေမယ့်
အယောင်အဆောင်ကို မတွယ်တာတဲ့သူ
သူ့အကြောင်းကို ဆက်ပြောရရင်
ခင်ဗျားတို့ဦးနှောက်တွေ အရည်ပျော်သွားလိမ့်မယ်။
မသမာသူတွေ ပျော်မြူးနေတဲ့အချိန်မှာ
အဲဒီမသမာသူတွေရဲ့ စနက်ကြောင့်
ငါတို့ရဲ့ သခင်
ငါတို့ရဲ့ ဗိုလ်ချုပ်
ငါတို့ရဲ့ ဖခင်ကြီး
အခိုးအငွေ့တွေအဖြစ်ပြောင်းလဲသွားခဲ့တာ
သခင်ကိုယ်တော်မှိုင်းပြောသလို
ငါလည်း
ဒေါင်းအလံကို ပ၀ါအုပ်ပြီး သခင့်ကို သဂြီ င်္ုလ်ချင်တာပေါ့။

မြေကြီးပေါ်မှာ သခင်မရှိတော့ပေမယ့်
ပြည်သူတွေရဲ့ နှလုံးသားထဲမှာ သခင်အသက်ရှင်နေသေးတယ်။
ဟုတ်တယ်
သခင်အောင်ဆန်း အထင်အရှားရှိနေသေးတယ်။

လေးစားစွာဖြင့် ---------

မိန်နွေ--


.


ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here